Aug 29, 2010

ဒူဘိုင်းသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးအပေါ် လိမ်လည်ခေါ်ယူမှုများ နှင့်ကြုံတွေ့၊

ဒူဘိုင်းမှ စားသောက်ဆိုင်ကြီး အချို့သည် မြန်မာနိုင်ငံတွင်း၌ လာရောက်ဖွင့်လှစ်ထားသော သင်တန်းကျောင်းအချို့ကို ကြားခံထားကာ မြန်မာအမျိုးသမီး အလုပ်သမားအား အလုပ်လစာများကို ဖြစ်သလိုပြော၍ လိမ်လည် ခေါ်ယူမှုရှိလာကြောင်း သွားရောက်မိသူအချို့ထံမှ သတင်းရရှိ ပါသည်။

အင်တာဗျူးဖြေရန် မလို၊ အလုပ်မှာ မည်သည့်အလုပ်ဖြစ်သည်၊ လစာနှင့် အပိုကြေးကို မည်သို့ပေးမည်၊ မည်သို့ နေထိုင်စားသောက်ရမည်ဟု ဆိုကာခေါ်ယူခဲ့သော်လည်း လက်တွေ့တွင် ပေးသည့် အလုပ်ကိုသာ လုပ်ကိုင်ရခြင်း၊ စာချုပ်တွင်ပါသည့်အတိုင်း နေထိုင်စားသောက်ရမှု မရှိခြင်းတို့ကို ကြုံတွေ့ရကြောင်း သိရသည်။

အလိမ်ခံရမယ့် အလုပ်ခေါ်ပုံတစ်ခု
အလုပ်စတင် ခေါ်ယူခဲ့သည့်ပုံစံ အပေါ်သွားရောက်ခဲ့သူတစ်ဦးက "ပြည်တွင်းမှာလာဖွင့်တဲ့ Training Center တစ်ခုရှိပါတယ်။ နိုင်ငံခြားသား ဦးစီးပြီးဖွင့်ပါတယ်။ အဲဒီသင်တန်းကျောင်းက အလုပ်သမား တိုက်ရိုက်မပို့ဘူး။ သူက ပြည်တွင်းက လိုင်စင်ရပြီးသား အေဂျင်စီတွေကို ကြားခံထားပြီး ပို့တာလို့ နောက်မှသိရတယ်။ ဥပမာ အဲဒီသင်တန်းကျောင်းက ဒူဘိုင်းမှာ အမျိုးသမီး အလုပ်သမား လိုတယ်ဆိုရင် ပြည်တွင်းက လိုင်စင်ရ အေဂျင်စီတွေကို ခွဲပြီးအပ်လိုက်တယ်။ သူက တစ်ဦးပို့ရင် အမေရိကန်ဒေါ်လာ ၅၅၀ ရတယ်လို့သိရတယ်။ သူ အလုပ်သမားရှာခိုင်းလိုက်တဲ့ ပြည်တွင်း အေဂျင်စီတွေကတော့ သူတို့ဟာ သူတို့ ဒေါ်လာ ၂၅၀ ယူတာရှိတယ်။ ၄၀၀ ယူတာရှိတယ် အမျိုးမျိုးယူကြတယ်။ အဲဒီလို ကြားခံထားပြီး ခေါ်တယ်။ ကျွန်မကတော့ Restaurant မှာ လုပ်ရမယ်ဆိုလို့ အင်တာဗျူးပြီး သွားလိုက်ပါတယ်။ နှစ်ပတ်အတွင်းမှာပဲ ဒူဘိုင်းကိုသွားခွင့်ရတယ်"ဟု ပြောပြခဲ့သည်။

ပေးတဲ့အလုပ်ပဲလုပ် မလုပ်ရင် လျော်ပြီးမှပြန်
သွားရောက်ပြီးနောက် ရရှိသည့် အလုပ်နှင့်ပတ်သက်၍ ၎င်းက "ကျွန်မတစ်ဦးတည်း သွားရမယ်ထင်တာ လေဆိပ်ရောက်မှ မြန်မာ အမျိုးသမီးငါးယောက် ဖြစ်နေတယ်။ အေဂျင်စီတွေ ခွဲအပ်ထားတဲ့ သဘောပေါ့။ ကျွန်မတို့ ငါးယောက် တစ်ဖွဲ့တည်း သွားရတာပေါ့။ ကျွန်မက စာချုပ်ထဲမှာပါတဲ့ Restaurant မှာ မလုပ်ရဘဲ Fast Food ဆိုင်လေးမှာပဲ ပေးတဲ့အလုပ်လုပ်ရတယ်။ သူတို့လည်း အဲဒီလိုပဲ ခေါ်တုန်းကပြောတဲ့ အလုပ်မဟုတ်ဘဲ သူတို့ပေးတဲ့ အ လုပ်လုပ်ရတယ်။ ကျွန်မတို့ကို အခက်အခဲရှိရင် ဆက်သွယ်ဖို့ပေးလိုက်တဲ့ ဒူဘိုင်းဘက်က အေဂျင်စီကတော့ ဘယ်လောက်ပဲ ဆက်သွယ်ဆက်သွယ် လာမတွေ့ဘူး။ အတွေ့မခံဘူး။ ဒီလိုနဲ့ သူ့ကိုစောင့်နေရင်း ကျွန်မနဲ့အတူ တူလာတဲ့ အမျိုးသမီးလေးဦးက အလုပ်ပါမစ်ကျလာတယ်။ အဲဒီမှာ အလုပ်ပါမစ်ကျလာပြီးမှ ပြန်မယ်ဆိုရင် ကျပ် ၁၈ သိန်းလျော်မှ ပြန်လို့ရတယ်လို့ သိရတယ်။ ဒီတော့ အဲဒီလေးယောက်ကတော့ ၁၈ သိန်း မလျော်နိုင်လို့ ပေးတဲ့အလုပ်ပဲ ဆက် လုပ်ပြီး ကျန်ခဲ့တယ်။ ကျွန်မကတော့အိမ်နဲ့ အဆက်အသွယ် ရတဲ့အတွက် အလုပ်အနေအထားနဲ့ နေထိုင်ရပုံတွေကို ပြောပြလို့ အိမ်က ချက်ချင်းပဲ အေဂျင်စီကိုသွားပြောပြီး လေယာဉ်လက်မှတ်ဖိုးသွင်းပြီး ပြန်ခေါ်ခဲ့ လို့ ပြန်ရောက်လာတာပါ။ ထူးခြားတာက ကျွန်မနဲ့အတူသွားခဲ့တဲ့ လေးဦးထဲမှာ တချို့က လုံးဝအင်တာဗျူး စရာမလိုဘဲ သွားရမယ်ဆိုလို့ လိုက်လာတာလို့ ပြောတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မလုံခြုံတဲ့နေရာမှာ ထားတယ် . . .
စာချုပ်ပါအတိုင်း နေထိုင်စားသောက်ရမှု မရှိသည့်အပေါ် ၎င်းက "အလုပ်ချိန်က သဘောတူ စာချုပ်ထဲမှာပါတဲ့ အချိန်ထက် ၂ နာရီ ၃ နာရီ ပိုလုပ်ရတယ်။ စရိတ်ငြိမ်းလို့ ပြောပြောထားပေမယ့် ကိုယ့်ဟာကိုယ် ချက်ပြုတ် စားသောက်ရတယ်။ နေစရာကိုတော့ မကောင်းတာလုပ်စားတဲ့ နိုင်ငံစုံက အမျိုးသမီးအများစုနေတဲ့ ရပ်ကွက်မျိုးမှာ နေစရာပေးတယ်။ ဈေးသက်သာလို့ အဲဒီလိုနေရာမှာပဲ ထားတာလို့သိရတယ်။ တချို့က ပြန်လာချင်တယ်ဆိုပေမယ့် သူတို့ အလုပ်လုပ်မယ့် ၀န်ဆောင်ခ ကုန်ကျစရိတ်ကို မြန်မာနိုင်ငံမှာကတည်း က ချေးယူပြီး လာခဲ့ရတာလို့ ပြောတယ်။ ဒီတော့ မလုံခြုံဘူး၊ ဒုက္ခ ရောက်တယ် ဆိုပေမယ့်လည်း သည်းညည်းခံပြီး ဆက်လုပ်ရတာလို့ ပြောတယ်" ဟု ပြောပြခဲ့သည်။
ဒူဘိုင်းမှာရှိတဲ့ဟိုတယ်က ခေါ်တယ်ဆိုရင် အဲဒီဟိုတယ်ရဲ့ ဧရိယာ မန်နေဂျာပဲဖြစ်ဖြစ်၊ တာဝန်ရှိသူပဲဖြစ်ဖြစ် သူကိုယ်တိုင် မြန်မာပြည်အရောက် အင်တာလာဗျူးပြီးမှ ခေါ်လေ့ရှိတယ်။ သူနဲ့ပဲ စာချုပ်ရတယ်။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ သတိထားသင့်တယ်။ နောက်လစာကို ကြည့်ပြီးတော့လည်း ခွဲခြားလို့ရ တယ်။ အင်တာဗျူးစရာမလိုဘဲ အလုပ်ရမယ်ဆိုရင်တော့ မလုပ်သင့်ဘူး။ မလာသင့်ဘူး ..

ပြည်တွင်းက လိုင်စင်ရအေဂျင်စီတွေကို ကြားခံထားပြီး အသုံးချ လာတယ် . . .
ပြည်တွင်းရှိ လိုင်စင်ရ အေဂျင်စီများ အသုံးချခံရသည့် ပုံစံမျိုးမဖြစ်စေရန် သတိပြုသင့်သည့်အပေါ် လိမ်လည်ခံရသူနှင့် ဦးလေးတော်စပ်သူ ကလည်း"ကျွန်တော်က ပြန်ခေါ်ပေးပါလို့ အေဂျင်စီကို ပြောတော့မှ အေဂျင်စီက တစ်ဖက်နိုင်ငံက အေဂျင်စီ နဲ့ တိုက်ရိုက်လုပ်တာမဟုတ်ဘဲ ပြည်တွင်းမှာလာဖွင့်တဲ့ သင်တန်းကျောင်း တစ်ခုက ကော်မရှင်စားပေးတာကို လက်ခံလုပ်ပေးမှန်း သိရတယ်။ တကယ်လို့သာ အမှုအခင်းဖြစ်ပြီဆိုရင်တော့ ခံရမှာက သင်တန်းကျောင်း မဟုတ်ဘဲ ကော်မရှင်စားလုပ်မိတဲ့ အေဂျင်စီတွေပဲဆိုတာ ကျွန်တော်တို့ ပြည်တွင်းက လိုင်စင်ရအေဂျင်စီတွေ သတိထားသင့်တယ်။ ကျွန်တော်က သူတို့ချုပ်ထားတဲ့စာချုပ်နဲ့ မကိုက်ညီတဲ့အတွက် ပြန်ခေါ်မယ်။ မရရင် ကျွန်တော် အမှုဖွင့်မယ် ပြောတော့မှ ပြန်ခေါ်ဖို့လုပ်ပေးတာ ဖြစ်တယ်။ ဒါတောင်မှ ကျွန်တော့်တူမက အလုပ်လုပ်ခွင့် ပါမစ်မကျသေးလို့ လေယာဉ်စရိတ်ပေး ပြန်ခေါ်လို့ရတာ။ ကျန်တဲ့သူတွေက ပါမစ်ကျပြီးဖြစ်လို့ စာချုပ်သဘောအရ ကျပ် ၁၈ သိန်းလျော်ရမယ့် ကိန်းဆိုက်လို့မလာနိုင် ဖြစ်သွားပြီပေါ့။ အခုဖြစ်တဲ့ သင်တန်းကျောင်းက ဖွင့်တာသိပ်မကြာသေးဘူးလို့ သိရတယ်"ဟု ပြောကြားခဲ့သည်။

ပုံမှန်အတိုင်းခေါ်တဲ့အလုပ်ပဲ သတိထားရွေးပါ
ထို့အတွက် မြန်မာအမျိုးသမီးများ အနေဖြင့် အလုပ်၊ လစာ၊ အချိန် ပိုကြေး၊ အလုပ်ချိန်များ မှန်မှန်ကန်ကန်ဖြင့် ရရှိနိုင်သည့် အလုပ်ခေါ်ယူမှု မျိုးမဟုတ်သည့် ပုံစံများကို ရှောင်ရှားသင့်ပြီး သွားလာမည်ဆိုပါက ပုံမှန် ခေါ်ယူမှုမျိုးဖြင့်သာ သတိပြုသွားလာရန် လိုသည်ဟု ဒူဘိုင်းရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများက ပြောကြားခဲ့သည်။ "ဒူဘိုင်းမှာရှိတဲ့ဟိုတယ်က ခေါ်တယ်ဆိုရင် အဲဒီဟိုတယ်ရဲ့ ဧရိယာ မန်နေဂျာပဲဖြစ်ဖြစ်၊ တာဝန်ရှိသူပဲဖြစ်ဖြစ် သူကိုယ်တိုင် မြန်မာပြည်အရောက် အင်တာလာဗျူးပြီးမှ ခေါ်လေ့ရှိတယ်။ သူနဲ့ပဲ စာချုပ်ရတယ်။ အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ သတိထားသင့်တယ်။ နောက်လစာကို ကြည့်ပြီးတော့လည်း ခွဲခြားလို့ရ တယ်။ အင်တာဗျူးစရာမလိုဘဲ အလုပ်ရမယ်ဆိုရင်တော့ မလုပ်သင့်ဘူး။ မလာသင့်ဘူး။ အဲဒါဆိုရင်တော့ သန့်ရှင်းရေးတို့၊ ပန်းကန်ဆေးတို့ ရတာများလိမ့်မယ်။ ဒူဘိုင်းက ဟိုတယ်တွေ၊ ကုမ္ပဏီတွေက အလုပ်ခေါ်တယ်ဆိုရင် လုံးဝမှတ်ထားရမှာ က အင်္ဂလိပ်စာကျွမ်းကျင်မှ ခေါ်လေ့ရှိတယ်။ ဘာမှမလိုဘူး၊ သွားလို့ ရတယ်လို့ ပြောရင်တော့ စောစောက အလုပ်မျိုးပဲရမယ်။ လစာပေါ်မှာလည်း ဆန်းစစ်နိုင်တယ်။ အခုမှ အလုပ်စလုပ်မယ့်သူဆို ဒူဘိုင်းငွေ ၂၅၀၀ ကနေ ၃၀၀၀ ကြား၊ ၃၅၀၀ ကနေ ၄၀၀၀ ကြား အရည်အချင်း အလိုက် ဒီနှုန်းဝန်းကျင်နဲ့ ခေါ်လေ့ရှိတယ်။ အဲဒါဆိုရင် ဟိုတယ်မှာ အမျိုးသမီးဝန်ထမ်းအလုပ် အမှန်အကန်ပဲ။ ဒီလိုမှမဟုတ်ဘဲ အရမ်းများနေတာပဲ ဖြစ်ဖြစ်၊ နည်းနေတာပဲ ဖြစ်ဖြစ်ကြုံရင်တော့ သတိပြုတာ ကောင်းပါတယ်။ ဒါကဒီမှာ ကုမ္ပဏီ တွေပေးနေကျနှုန်းပါ"ဟု ဒူဘိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦးကလည်း ရှင်းပြခဲ့ပါသည်။

"ပုံမှန်အတိုင်းပဲ အင်တာဗျူးပြီး ခေါ်မယ်ဆိုရင်တော့ ဒီမှာအဆင်ပြေ ကြပါတယ်။ ဒါပေမယ့် အင်တာဗျူး စရာမလိုဘူး၊ နောက်တကယ့် အလုပ်ရှင်လွှတ်တဲ့ ကုမ္ပဏီတာဝန်ရှိသူ မဟုတ်ဘဲ တခြားသူတစ်ဦးက ဖြစ်သလို အင်တာလာဗျူးမယ်၊ လစာတွေကို မတန်တဆပေးမယ်ပြောပြီး မက်လုံးပေးတဲ့အရာတွေနဲ့ ခေါ်တဲ့ အလုပ်မျိုးဆိုရင်တော့ သတိထားရမှာပေါ့။ ပုံမှန်အတိုင်း သွားလာလုပ်ကိုင် တဲ့သူကတော့ ပြောတဲ့အလုပ်ရတယ်၊ ပြောတဲ့လစာရပါတယ်"ဟု ဒူဘိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦးက လည်း ထပ်မံရှင်းပြခဲ့သည်။

ကြားခံအနေနဲ့ အသုံးချခံရနိုင်တဲ့ ပြည်တွင်းအေဂျင်စီတွေ သတိပြုရမယ့် လူကုန်ကူးမှုဆိုတာ
လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ခေါင်းပုံဖြတ်ခြင်းပြုရန် အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင့်ထက်ပြုခြင်း၊ သွေးဆောင် ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘ၀ရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ် ယောက်အပေါ် ချုပ်ကိုင်နိုင်သော သူ၏ သဘောတူညီချက်ရရှိရန် ငွေ ကြေး သို့မဟုတ် အကျိုးအမြတ်ကို ပေးခြင်းသို့မဟုတ် လက်ခံရယူခြင်း၊ ပြုလုပ်ပြီး လူများကို သိမ်းသွင်းစု ဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်း တို့ကို ဆိုကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေအရ သိရသည်။

ခေါင်းပုံဖြတ်ခြင်း ဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူတစ်ဦး တစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စပြုလုပ်ခြင်း၊ အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မ၀န်ဆောင် မှုပေးစေခြင်း၊ ကျွန်ပြုခြင်း၊ကျေးကျွန် ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းကိုဖြစ်စေ၊ သူတစ်ပါး ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကို ဖြစ်စေပြုရာမှ ငွေကြေးကိုသော်လည်းကောင်း အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံရယူခြင်းသို့မဟုတ် လက်ခံရယူရန် သဘောတူခြင်း ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ သိရသည်။

ထို့ပြင် ပြည့်တန်ဆာပြုခြင်းဆိုသည်မှာ ငွေကြေးအကျိုးအမြတ် သို့မဟုတ် အခြားအဖိုးစားနားတစ်ခုခု အတွက်ကာမစပ်ယှက်ရန် သို့မဟုတ် ကာမရာဂစိတ်ပေါ်ပေါက်ရန် အလို့ငှာပုဂ္ဂိုလ်တစ်ဦးကို အခြားတစ်ဦးက တစ်စုံတစ်ရာပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ ဆက်ဆံခြင်း သို့မဟုတ် အစီအစဉ်ချမှတ် ဆောင်ရွက်ခြင်းကို ဆိုကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါ ရှင်းလင်းချက် အရ သိရပါသည်။

"အခုက ကြားခံအနေနဲ့ အသုံးချခံရနိုင်တဲ့ အနေအထားဖြစ်လာပြီ။ ပင်ရင်းကို မသိရဘဲ ကြားခံအဆင့်ဆင့်နဲ့ လုပ်လာတာလေ။ ဒီလိုအနေ အထားကနေ တစ်ဖက်က ထပ်ထပ်ပြီး လိမ်မခေါ်ဘူးလို့ မပြောနိုင်ဘူး။ သူတို့ကလည်း ပြဿနာပေါ်ရင် ငါပို့တာမဟုတ်ဘူး လိုင်စင်ရပြီးသား က ပို့တာဆိုတာမျိုးလုပ်မှာပဲ။ ဒီတော့ အေဂျင်စီတွေအနေနဲ့ ကိုယ်တိုက်ရိုက် တာဝန်မခံနိုင်တဲ့ကိစ္စမျိုးတွေကို သတိထားသင့်လာပြီ"ဟု ပြည်ပသို့ မကြာခဏ သွားရောက်လုပ်ကိုင်ဖူးသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

အထက်တန်းရှေ့နေတစ်ဦး က လည်း "လက်ရှိမှာ တရုတ်နဲ့ထိုင်း နိုင်ငံဘက်ကို လူကုန်ကူးခံရတာ အများဆုံးပါပဲ။ တခြားနိုင်ငံတွေဘက်ကိုလည်း မြန်မာလူမျိုးတွေ လူကုန်ကူးခံရတာ လုံးဝမရှိခဲ့ဘူးလို့ အတိအကျပြောဖို့ ခက်ပါတယ်။ လူကုန်ကူးခံရတဲ့လူကိုယ်တိုင်က ကိုယ့်ကို လူကုန်ကူးတယ်ဆိုတာ မသိလို့ သက်ဆိုင်ရာကို မတိုင်ကြားနိုင်ဘဲ သက်ဆိုင်ရာက မသိရတဲ့ဖြစ်ရပ်တွေ လည်းရှိနိုင်ပါတယ်။ အခု ဒူဘိုင်း ကိုလည်း မြန်မာမိန်းကလေးတော် တော်များများက သွားပြီးအလုပ်လုပ်နေကြပါတယ်။ ထပ်သွားဖို့လည်း ကြိုးစားသူတွေ ရှိနေပါတယ်။ ဒါကြောင့် ဒူဘိုင်းမှာ မြန်မာမိန်းကလေးတွေ လူကုန်ကူးခံရတဲ့ ပုံစံမျိုးမဖြစ်ဖို့တော့ သတိပြုရမယ့် အနေအထား ဖြစ်လာပါတယ်။ လူကုန်ကူးမှုမြောက် တယ်မမြောက်တယ် ဆိုတာကတော့ လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ဥပဒေမှာပါတဲ့ လူကုန်ကူးမှုအဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ငြိစွန်းနေမယ်ဆိုရင် လူကုန်ကူးမှု မြောက်တယ်ဆိုတာ သိထားသင့်ပါတယ်"ဟု အကြံပေးခဲ့ပါသည်။

မြန်မာအမျိုးသမီးများဖြစ်စေ အမျိုးသားများဖြစ်စေ မည်သူမဆို ပြည်တွင်း၌ အလုပ်အကိုင် ပေါများခြင်းမရှိသည့်တွက် ပြည်ပထွက်ခွာ လုပ်ကိုင်ရခြင်း၊ ပြည်ပသို့မဖြစ်မနေ သွားရောက်လုပ်ကိုင်ရခြင်း ဖြစ်သည့်အတွက် ပို့ဆောင်ပေးသည့် အေဂျင်စီများအနေဖြင့် ၀န်ဆောင်ခထက်မိမိတို့ လူမျိုးအလုပ်သမားများ မထိခိုက်ရေးကိုလည်း ဦးစားပေးသင့်သည်ဟု သွားရောက်သူများက ဆိုပါသည်။

မှတ်ချက်။ ။ news-eleven မှဖြစ်ပါသည်။

ကြီးသူကအရင်ပြင်ရအောင်လေ

တစ်နေ.အလုပ်သွားဘို.အိမ်ကထွက်အလာ မန်းလေးစစ်ကိုင်းလမ်းက “ဘိုအိမ်”လို.ကားသမားတွေ နာမည်ပေးထားတဲ.လမ်းထိပ်ကနေပြီး ဆိုင်ကယ်တွေ၊မော်တော်ကားတွေကို ယာဉ်ထိန်းနဲ.တာဝန်ရှိတဲ. အဖွဲ.တွေက ပူးပေါင်းပြီး စစ်ဆေးနေတာကိုတွေ.လိုက်ရပါတယ်။မနက်(8)နာရီ ပါတ်ဝန်းကျင်ဆိုတောာ.အလုပ်သွားတဲ.လူတွေ ကျောင်းသွားတဲ.ကလေးတွေနဲ. အရမ်းကို အသွားအလာများတဲ.အချိန်ကလေးပါ ။

သူတို.စစ်ဆေးရေးလုပ်နေတဲ. ပလက်ဖောင်းဘေးနားက စားပွဲခုံလေးမှာ လူတွေအများကြီးဝိုင်းအုံနေတာ ဘာများပါလဲလို.စပ်စုလိုက်တော. ဒဏ်ငွေဆောင်ရမဲ.သူတွေပါတဲ.။မစည်ကားအပ်တယ်ဆိုတဲ. အရပ်ထဲမှာနောက်တိုး အနေနဲ.စည်းကမ်းဖောက်လို.ဒါဏ်ငွေဆောင်ရတဲ.နေရာကိုထပ်တိုးလိုက်ချင်ပါတယ်။တစ်ခါတရံသတင်းစာထဲမှာ စည်းကမ်းဖောက်ဖျက်တဲ. သူတွေကိုဒဏ်တပ်တာ နိုင်ငံတော်ဘဏ္ထာ ဘယ်လောက်ကောက်ခံရတယ် ဆိုတာတွေကိုဖတ်ရတဲ.အခါ ဒဏ်ငွေများများရလေလေကျနော်တို.လူမျိုးတွေ စည်းကမ်းမဲ.လေလေလို.ကောက်ချက်ချမိပါတယ်။
အထူးသဖြင်.တရုပ်က ခိုးဝင်လာတဲ.မော်တော်ဆိုင်ကယ်တွေ ကို တရားဝင်အောင် လက်ခံပြီးတဲ.အချိန်
ကျနော်တို.မန်းလေးမှာ ဆိုင်ကယ်ဦးရေ အများကြီးတိုးလာပါတယ်။

အရင်က ဆိုင်ကယ်ဆိုတာ တော်ရုံတန်ရုံမိသားစု မစီးနိုင်ရာကနေ အိမ်တိုင်းမှာဆိုင်ကယ်ရှိသည်အထိတိုးတက်လို.လာပါတယ်။
ဆိုင်ကယ်တွေဈေးပေါလာတယ် ဆိုတော.မိဘများကလဲ အရွယ်မရောက်သေးတဲ.ကလေးတွေက တက်ခွလို.နေရင်တောင် မတားတဲ.အပြင် ငါ.သားလေးတော်လိုက်တာ ငယ်ငယ်လေးနဲ.ဆိုင်ကယ်တောင်စီးတတ်နေပြီဆိုပြီးဝမ်းသာဂုဏ်ယူလို.နေပါတယ်။
ဆိုင်ကယ်တွေပေါလာတော.စီးတဲ.သူပေါလာပါတယ်။မော်တော်ဆိုင်ကယ်စီးဘို.လိုတဲ.လူလိုင်စင်ကလဲလုပ်ရတာလွယ်မှလွယ်။
လုပ်ရတာသာလွယ်တာ မော်တော်.ယာဉ် စည်းကမ်းကြတော. နည်းနည်းလေးမှမသိ။ဒီလောက်လွယ်လွယ်ထုတ်ပေးနေတဲ. လိုင်စင်ကိုတောင်လုပ်ရကောင်းမှန်းမသိတဲ.လူတွေကလဲပေါမှပေါ။လူတွေကလဲဆိုင်ကယ်သာဝယ်စီးနေတာဆိုင်ကယ်စီးဦးထုပ်ကြတော.၀ယ်ဘို.နှမျောနေပြန်ပါတယ်။နေ.စဉ်နဲ.အမျှ လမ်းပေါ်မှာ ဆိုင်ကယ်စီးနေကြပေမဲ. ဆိုင်ကယ်ဦးထုပ်ဆောင်းဘို.ကြတော.
ဝန်လေးနေပြန်တယ်ဆိုတော. စိတ်ညစ်ဘို.တောင်ကောင်းနေပါတယ်။

ဆပ်ပလိုင်းချက်နဲ.တွေ.ရင် အများဆုံး အဖမ်းခံရတဲ.အမူ.ဟာ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ.အမူ.ပါ။ကောင်းပြီ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲတာ လူငယ်တွေချည်းဘဲလားဆိုရင် လုံးဝမဟုတ်လို.ပြောရမှာပါ။တစ်နေ.က အိမ်ကတူမလေးက သူတို.ကျောင်းရှေ.မှာ အမှတ်တရ ဓါတ်ပုံလေး ရိုက်ထားတာကိုကြည်.မိပါတယ်။စိတ်ပျက်စရာကောင်းတာကို တွေ.လိုက်ရတာကတော. အမျိုးသားစည်းကမ်းအစစာသင်ကျောင်းကဆိုတဲ.ဆိုင်းဘုတ်ဘေးက ဆရာမနှစ်ယောက် ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးလာတဲ.ပုံလေး ပါဘဲ။မသိတတ်သေးတဲ.လူငယ်တွေ မိုက်ရူးရဲဆန်တဲ.အရွယ်လေးတွေ ဦးထုပ်မဆောင်းဘဲဆိုင်ကယ်စီးတာကိုမြင်ရတာကမ မှန်ပေမဲ. ခွင်.လွှတ်နိုင်ပါတယ်။

အခုလိုကျောင်းဆရာမတွေ မိဘအရွယ် အဘိုးအရွယ်ကိုရောက်နေတဲ.သူတွေကစည်းကမ်းဖောက်ဖျက်လို.
ဦးထုပ်မဆောင်းတာကတော. ကျနော်.အမြင်အရ အမှားကြီး မှားတယ်လို.ထင်ပါတယ်။ငယ်တဲ.သူကို ဆုံးမပဲ.ပြင်ပေးရမယ် .ထိန်းကျောင်းပေးရမဲ.သူတွေကိုယ်တိုင်က စည်းကမ်းမဲ.တယ်ဆိုတောပြောစရာစကားလုံးတောင်ရွေးရခပ်ခက်ခက်ပါ။
တစ်လမ်းမောင်းသတ်မှတ်ထားတဲ.နေရာမှာ ယာဉ်ကြောပြောင်းပြန်စီးလာတဲ. လူကြီးတွေကို တွေ.ရင် တကယ်အထင် သေးပါတယ်။နေရာတကာမှာလူကြီးတော်တော်များများ က လူငယ်တွေကို စိတ်တိုင်းမကျလို အပြစ်တင်နေပါတယ်။
ဒါပေမဲ.သူတို.ကိုယ်တိုင်ကရော စည်းနဲ.ကမ်းနဲ.နေထိုင်ကျင်.သုံးခြင်း မရှိတာကိုတော.ပြင်ဘို.မေ.နေပါတယ်။
ဘာဘဲပြောပြော နိုင်ငံတစ်နိုင်ငံတိုးတက်ဖွံ.ဖြိုးဘို.ဆိုတာ အဲဒီနိုင်ငံရဲ.ပြည်သူ့ပြည်သားတွေရဲ့ စည်းကမ်းကောင်းဘို. လိုအပ်တယ်ဆိုတာ ကလဲအရေးကြီးသောအချက်အလက်ပါ။
ကလေးတွေရဲ.နမူနာယူခြင်း ကိုခံယူနေသော လူကြီးတွေက အသေးအဖွဲလေးကစ လို.စည်းကမ်းမရှိဘူးဆိုရင်
……………………………………………………………….
ဒါကြောင်.မို.ကလေးတွေကောင်းအောင် ကျနော်တို.လိုလူကြီးတွေက အရင်စလို.ပြင်ကြရအောင်……………………………။

ဟာသ

1.
အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်းမွေးနေ့ ပြောပါ
ကိုထုံ ။ ။ အောက်တိုဘာ ၁၃
မန်နေဂျာ။ ။ ဘယ် နှစ်လဲ
ကိုထုံ ။ ။ နှစ်တိုင်း

2.
နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်…
“ငါက နိုင်ငံခြားသားနဲ့များ တူနေလား”
“တူပါဘူး၊ ဘာလို့ လဲ”
“လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို နိုင်ငံခြားသားလားလို့ လာမေးနေလို့”

3.
အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်….
အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ မွေးခဲ့ဘူးသလား
ကိုထုံ ။ ။ ဟင့်အင်း…ကလေးလေး တွေဘဲ မွေးတာ

4.
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ
ကိုထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ ကိုတော့ ကျနော် မသိပါဘူး။

5.
ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။
ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက…
“မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ…ဖယ်စမ်း ငါမောင်းမယ်၊ ဒီမှာလာထိုင်”

6.
အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါတော့၊ မင်းဘာဆက်လုပ်မလဲ
ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊

7.
ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ
သူငယ်ချင်း ။ ။ ဘာလို့ လဲ
ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို…သူ့ ထီးက အသစ်ကြီးနော် လို့ပြန်ပြောတယ်လေ။

8.
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ
ကိုထုံ ။ ။ မြင်းကျား
ဆရာ ။ ။ ဘာလို့လဲ
ကိုထုံ ။ ။ သူက အဖြူအမဲ ဘဲရှိသေးတယ်လေ…

9.
ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်း MS office ကို သိသလား
ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ရအောင်ရှာသွားလိုက်ပါမယ်…

10.
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ
ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့် ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။

ခေါက်ဆွဲခြောက်၏ သမိုင်းနှင့် ခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေး

Instant noodle ခေါ် အလွယ်တကူပြုတ်၍ စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယခုအခါ တကမ္ဘာလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိပါသည်။ ဈေးနှုန်းသင့်လျော်ခြင်း၊ ပင်ပင်ပင်ပန်းပန်း ချက်ပြုတ်ရန်မလိုခြင်း၊
အချိန်ကုန်သက်သာခြင်းနှင့် လူမျိုးတိုင်းလိုလို လက်ခံစားသုံးနိုင်ခြင်းတို့ကြောင့် ၎င်းခေါက်ဆွဲခြောက်ထုပ်များမှာ
ဈေးကွက်အတွင်း အတော်အသင့် နေရာယူလျက်ရှိနေသည်။ နာမည်အခေါ်အဝေါ်၊ အရည်အသွေး၊ အရသာ ကွဲလွဲမှု ရှိသော်လည်း နိုင်ငံတော်တော်များများတွင် ခေါက်ဆွဲခြောက်ထုပ်များကို လိုလိုလားလား လက်ခံစားသုံးလျက်ရှိပြီး
အာရှ နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများတွင်လည်း ခေါက်ဆွဲခြောက်ထုပ်များ စားသုံးသည့်လူဦးရေမှာ မြင့်မားလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် တကမ္ဘာလုံးခေါက်ဆွဲခြောက်စားသုံးမှု၏ ၄၈ ရာခိုင်နှုန်းရှိပြီး တစ်နှစ်စားသုံးမှုမှာ ခေါက်ဆွဲခြောက် ပါကင်ထုပ် ၄၅ ဘီလျီယံခန့်ရှိပါသည်။ တောင်ကိုရီးယားလူမျိုးများသည် ခေါက်ဆွဲခြောက်အများဆုံး စားသုံးသူများဖြစ်ပြီး တစ်နှစ်လျှင် လူတစ်ဦးချင်စီ စားသုံးမှုမှာ ပျမ်းမျှ ခေါက်ဆွဲထုပ် ပါကင်ထုတ်ကြီး ၆၉ ထုတ်ခန့်ရှိပါသည်။

*ခေါက်ဆွဲခြောက်၏ သမိုင်းအစ*

ကမ္ဘာနှင့်အ၀ှမ်း စားသုံးလျက်ရှိသော instant noodle ခေါက်ဆွဲခြောက်ထုပ်များကို စတင်ထုတ်လုပ်ခဲ့သူမှာ ထိုင်ဝမ်နိုင်ငံသား Momofuku Ando ပင်ဖြစ်သည်။

Momofuku Ando

Ando အား ၁၉၁၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် ထိုင်ဝမ်ကျွန်းစု အနောက်တောင်ပိုင်း Chiayi မြို့တွင် မွေးဖွားခဲ့သည်။ သူသည် ချမ်းသာသော မျိုးနွယ်စုမှ ပေါက်ဖွားဆင်းသက်လာသူလည်းဖြစ်ပါသည်။ Ando အား မွေးဖွားစဉ်က ထိုင်ဝမ်ကျွန်းစုသည်
ဂျပန်အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော ကာလပင်ဖြစ်သည်။ Ando ၏ မိဘများသည် သူ ငယ်စဉ်ကတည်းကပင် ကွယ်လွန်သွားခဲ့သဖြင့် Ando သည် အဘိုးအဘွားများ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည်။
Ando ၏ အဘိုးအဘွားများသည် ချည်မျှင်နှင့်အထည်စက်ရုံပိုင်ဆိုင်ပြီး Ando အသက် ၂၂ ရောက်သောအခါ ယင်းလုပ်ငန်းများအား Ando ကိုပင် ကြီးကြပ်လုပ်ကိုင်စေခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် Ando သည် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Ritsumeikan တက္ကသိုလ်တွင် ပညာတက်ရောက်ဆည်းပူးခဲ့သည်။ဒုတိယ ကမ္ဘာ စစ်ပြီးသောအခါ Ando သည် ဂျပန်နိုင်ငံသား အဖြစ်ခံယူခဲ့ပြီး ထိုအချိန်က ဂျပန်နိုင်ငံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရချိန်ဖြစ်သည်။ စားနပ်ရိက္ခာအခက်အခဲကြောင့် ဂျပန် ကျန်းမာရေးအဖွဲ့အစည်းက ဂျပန်နိုင်ငံသူ နိုင်ငံသားများအား ဂျုံဖြူမှ ပြုလုပ်သော ပေါင်မုန့်များကိုပိုမိုဖြည့်စွက်စားသုံးရန် အကြံပြုခဲ့သည်။ ထိုအခါ Ando သည် ဂျုံမှပြုလုပ်တာချင်းအတူတူ ပေါင်မုန့်ထက် ခေါက်ဆွဲက ဂျပန်လူမျိုးများအတွက် စားသုံးဖို့ ပိုမိုသင့်လျော်မည်ဟု စူးစမ်းမိသည်။သို့သော်လည်း ထိုအချိန်က
ခေါက်ဆွဲထုတ်လုပ်နိုင်သည့် ကုမ္ပဏီ အရေအတွက်မှာ အင်မတန်နည်းပါးနေသဖြင့် တိုင်းပြည်၏လိုအပ်ချက်ကို မဖြည့်ဆည်း နိုင်ခဲ့ပေ။ ထို့ကြောင့်Andoသည် မိမိကိုယ်ပိုင် စက်ရုံတည်ထောင်၍ ခေါက်ဆွဲထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

“လူတွေမှာ စားစရာသာ အလုံအလောက်ရှိမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုတွေနဲ့ ပြည့်စုံနေပါလိမ့်မယ်” ဟု Ando သည် သိမြင်လာခဲ့သည်။ သူ့အသက် ၄၈ နှစ်သို့ရောက်သောအခါ chikin ramen ခေါ် ကမ္ဘာ့ပထမဆုံးခေါက်ဆွဲခြောက်ကို
ဈေးကွက်အတွင်းဖြန့်ချိနိုင်ခဲ့သည်။ Ramen ခေါက်ဆွဲအား ဂျပန်နိုင်ငံတွင် ယနေ့တိုင်စားသုံးလျက်ရှိပြီး ၎င်းခေါက်ဆွဲ ထုတ်လုပ်သည့် Nissin Food Products ကုမ္ပဏီမှာလည်း နာမည်ကျော်ကြားလျက်ရှိပါသည်။ ထိုအချိန်က Ramen ခေါက်ဆွဲခြောက်တထုပ်၏ တန်ဖိုးမှာ ဂျပန်ယမ် ၃၅ ခန့်ရှိပြီး ထိုအချိန်က ပေါ်ပေါက်ခဲ့သော ဂျပန်ရိုးရာ ခေါက်ဆွဲများထက် ၆ဆခန့်ဈေးကြီးမားခဲ့ပါသည်။ သို့သော် Andoသည် အသင့်စား ခေါက်ဆွဲဘူး(Cup noodle ) များကို ၁၉၇၁ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ထိုခေါက်ဆွဲဘူးများမှာ ဈေးကွက်တွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ခေါက်ဆွဲထုပ် ဈေးနှုန်းများလည်း သက်သာလာခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ဈေးကွက်ရောင်းလိုအားမှာ ခေါက်ဆွဲထုပ်ပေါင်း အထုပ်ရေ ၉၈ ဘီလျီယံထိ မြင့်တက်လာခဲ့သည်။ Chikin Ramen ခေါက်ဆွဲတထုပ်၏ တန်ဖိုးမှာ ယမ် ၆၀ ၀န်းကျင်ခန့်ရှိပြီး ဂျပန်စားသောက်ဆိုင်များရှိ ခေါက်ဆွဲတစ်ပန်းကန်၏ တန်ဖိုးထက် ၃ဆခန့် သက်သာလာခဲ့ပါသည်။

Ando သည် သူ၏ အထိမ်းအမှတ် ပြတိုက်( Momofuku Ando Instant Ramen Museum)၏ ဥက္ကဌလည်း ဖြစ်ပြီး ထိုပြတိုက်အား ဂျပန်နိုင်ငံ အိုဆာကာပြည်နယ် အိုင်ကီဒါတွင် ဖွင့်လှစ်ပြသလျက်ရှိပါသည်။

ပြတိုက်အတွင်းတွင် Ramen ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းခွင်အသေးစားလေးအား ပြသလျက်ရှိပြီး အလည်အပတ်လာရောက်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် ပြုလုပ်စမ်းသပ် စားသုံးနိုင်ပါသည်။

ဤကဲ့သို့သော Ando၏ အောင်မြင်မှုများအတွက် ဂျပန်အစိုးရမှ Andoအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ ခေါက်ဆွဲခြောက်တို့၏ တီထွင်မှု ဖခင်ကြီးAndoသည် အသက် ၉၆ နှစ်အရွယ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၅ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဇနီးတစ်ယောက်၊ သားနှစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ သားဖြစ်သူ Koki Ando မှာ ယခုအခါ ဂျပန် Nissin Food Products Co. Ltd ၏ ဥက္ကဌအဖြစ် ဖခင်၏ လုပ်ငန်းကို ဆက်လက်ဦးဆောင် လုပ်ကိုင်လျက်ရှိပါသည်။

*ခေါက်ဆွဲခြောက်နှင့်ကျန်းမာရေး*

ခေါက်ဆွဲခြောက်သည် ကာဘိုဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာဖြစ်ပြီး ပရိုတင်း၊ အဆီဓါတ်နှင့် တခြား ဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်ပါသည်။သို့သော် ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ အနည်းငယ်များနေနိုင်ပါသည်။ အသက် ၄နှစ်အထက် လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလိုအပ်ချက်ပမာဏမှာ ၂၄၀၀ မီလီဂရမ်ဖြစ်ပြီး အချို့သော ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ ၁၀၀၀ မီလီဂရမ် ကျော်နေပါသည်။ တခါတရံတွင်မူ ခေါက်ဆွဲခြောက်ထုတ် တစ်ထုပ်အတွင်း ဆားပါဝင်မှု ပမာဏမှာ ၂၀၀၀မီလီဂရမ်အထိ ရှိနေတာကိုတွေ့ရပါသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများ၊ နှလုံးကောင်းကောင်း အလုပ်မလုပ်သူများအနေဖြင့် ခေါက်ဆွဲခြောက်များကို အလွန်အကျွံမစားမိဖို သတိပြုရန် လိုအပ်ပါသည်။

ထို့ပြင် ခေါက်ဆွဲခြောက်များတွင် monosodium glutamate ခေါ် ဟင်းချိုမှုန့်များ ပါဝင်နေနိုင်ပါသည်။ ၎င်း monosodium glutamate(MSG) သည် အမိုင်နို အက်ဆစ် အမျိုးအစား တစ်မျိုးဖြစ်ပြီး ၄င်းသည် အစားအစာများကို အနံ့အရသာ ရှိစေနိုင်ပါသည်။ ထို့ကြောင့် MSG အား ခေါက်ဆွဲခြောက် အရောအနှောမှုန့်များတွင် ထည့်သွင်း အသုံးပြုလာကြပါသည်။ MSGကို မကြာခဏစားသုံးပါက လူကို စွဲစေတတ်သော သတ္တိရှိပါသည်။ ခေါက်ဆွဲခြောက်များတွင် MSG ပါဝင်သဖြင့် စားသုံးသူများအား ဥပဒ်ဖြစ်စေသည်၊ မဖြစ်စေသည်ကတော့ ယနေ့တိုင် အငြင်းပွါးဖွယ်ဖြစ်ပါသည်။ အမေရိကန် အစားအစာနှင့် ဆေးဝါး အဖွဲ့အစည်း(Food and Drug Administration)၏ အဆိုပြုချက်အရ MSG ကိုအလွန်အကျွံစားသုံးမိပါက ခေါင်းကိုက်ခြင်း၊ မျက်နှာသွေးရောင်ဖြန်းခြင်း၊ မျက်နှာ ၊လည်ပင်းနှင့် နောက်ကျော နေရာများတွင် ထုံကျင်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံးတုန်ခြင်း၊ ပျို့ခြင်း အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ အထက်ပါလက္ခဏာများ ဖြစ်ပေါ်ခံစားရခြင်းကို တရုတ်စားသောက်ဆိုင်များကြောင့် ဖြစ်ပေါ်လာသော ရောဂါဒြပ်ပေါင်းစု (Chinese Restaurant Syndrome) ဟူ၍ ခေါ်ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များတွင် MSG အများအပြားအသုံးပြုပြီး တရုတ်အစားအစာများတွင်လည်း MSG လိုအပ်သည်ထက် ပိုမိုပါဝင်နေသောကြောင့်ပင် ဖြစ်ပါသည်။ ပန်းနာရင်ကြပ်ရောဂါ ရှိသူများအနေဖြင့် MSG အများအပြားစားသုံးမိပါက ရင်ကြပ်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။

သို့သော် MSG သည် လူသားကို ကောင်းကျိုးပြုသော အချက်များလည်း ရှိပါသည်။ ၎င်းသည် အစားအစာများကို အနံ့အရာသာနှင့် ပြည့်စုံစေနိုင်သောကြောင့် သက်ကြီးရွယ်အိုများ နှင့် အစားအသောက် ခံတွင်းပျက်နေသူများအတွက်
အစာစားချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ခေါက်ဆွဲခြောက်စားသုံးခြင်းကြောင့် MSG က လူသားအပေါ်
ဘေးဥပဒ်ဖြစ်စေနိုင်မှုကိုမူ မည်သူမျှ တိတိကျကျမပြောနိုင်သေးပေ။

ခေါက်ဆွဲခြောက်နှင့်ပတ်သတ်၍ နောက်ထပ် ရေပန်းစားနေသော အရာမှာ ကင်ဆာ ပင်ဖြစ်သည်။ခေါက်ဆွဲခြောက်များတွင် ခေါက်ဆွဲအမျှင်များပုံသဏ္ဍန်များ မပျက်ယွင်းစေရန်နှင့် ခေါက်ဆွဲခြောက်အား ပြုတ်လိုက်သောအခါ အမျှင်များ တစ်ခုနှင့် တစ်ခုမကပ်စေရန် ဖယောင်း (wax) များကို အသုံးပြုသည်ဟုဆိုပါသည်။ ထိုဖယောင်းများကိုအစာအိမ်က ချေဖျက်ရန် ၇၂ နာရီကြာမြင့်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက် ရေရှည်စားသုံးသူများအနေဖြင့် ကင်ဆာဖြစ်ဖို့  အလားအလာများသည်ဟု ဆိုကြပါသည်။ သို့သော် တိကျသော သုတေသနပြုချက်များ ယနေ့တိုင်မရှိသေးပါ။ အကယ်၍ ခေါက်ဆွဲခြောက်များတွင် ဖယောင်းများပါဝင်ခဲ့ပါက ထိုဖယောင်းများအား ဖယ်ရှားပြီး လူ့ခန္ဓာကို ဘေးဥပဒ် မဖြစ်စေရန် ခေါက်ဆွဲပြုတ်ရမည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပထမဦးစွာ ရေနွးကို ဆူအောင်တည်ပါ။ ရေနွေးဆူလာသောအခါ ခေါက်ဆွဲခြောက်ကို ရေနွေးအိုးထဲထည့်ပြီး ခေါက်ဆွဲကျက်သည်အထိ ပြုတ်ပါ။ ထို့နောက် ခေါက်ဆွဲဖတ်များကို ဖယ်ထားပြီး ထိုခေါက်ဆွဲပြုတ်ထားသော အရည်များကို
သွန်ပစ်ရပါမည်။ အဘယ့်ကြောင့်ဆိုသော် ထိုရေများထဲတွင် ဖယောင်းများ ပျော်ဝင်သွားသောကြောင့် ဖြစ်ပါသည်။
ဖယောင်းပျော်ဝင်ထားသော ခေါက်ဆွဲပြုတ်ရည်များမှာ အ၀ါဖျော့ဖျော့ရောင် သမ်းနေနိုင်သည်ဟု ဆိုပါသည်။ ထိုအ၇ည်များအား သွန်ပစ်ပြီးနောက် ရေနွေးအသစ်ထပ်တည်ပါ။ ထိုရေနွေးအသစ် ဆူလာသောအခါ စောစောပိုင်းကဖယ်ထားသော ခေါက်ဆွဲဖတ်များအား အိုးထဲထည့်ရပါမည်။ ထို့နောက် ခေါက်ဆွဲထုပ်တွင်ပါဝင်သော အရောအနှောအမှုန့်များကို အိုးထဲထည့်ရပါမည်။ တခြားမိမိစားချင်သော အသီးအရွက် ကြက်ဥများကိုလည်း ဤဒုတိယအကြိမ်ပြုတ်သော ခေါက်ဆွဲအရည်ထဲတွင်သာထည့်၍ မိမိတို့နှစ်သက်သလိုထည့်၍ စားသုံးနိုင်ပါသည်။ အထက်ပါနည်းလမ်းများမှာ အကယ်၍ ခေါက်ဆွဲခြောက်များအတွင်း ဖယောင်းများ ပါလာပါက ခန္ဓာကိုယ်အတွင်း မရောက်စေရန် ကြိုတင်ကာကွယ်၍ စားသုံးသော နည်းလမ်းဖြစ်ပါသည်။ ယနေ့ထိတိုင်တော့ ခေါက်ဆွဲခြောက်စားပြီး ကင်ဆာ ဖြစ်ပွါးသူရယ်လို့  တိတိကျကျ စာရင်းသုတေသန မပြုလုပ်နိုင်၊ မတွေ့ရှိနိုင်သေးပါ။

ခေါက်ဆွဲခြောက်တီထွင်ခဲ့သူ Ando သည်လည်း ခေါက်ဆွဲခြောက်စားပြီး အသက် ရှည်ရှည်နေထိုင်သွားခဲ့ပါသည်။ “Ando အခုလို အသက် ၉၆ နှစ်ထိ နေထိုင်သွားနိုင်တာကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး၊ သူဟာ အားကစားအနေနဲ့ ဂေါက်ကစားခြင်း တမျိုးတည်းကိုသာ ကစားပြီး ramen ခေါက်ဆွဲကို နေ့စဉ်စားသုံးလို့သာ ခုလို အသက်ရှည် နေထိုင်သွားနိုင်တာပါ၊ သူမကွယ်လွန်ခင် တစ်ရက်အထိ သူဟာ ramen ခေါက်ဆွဲခြောက်ကို တစိုက်တမတ်စားသုံးသွားခဲ့ပါတယ်” ဟု ကျန်ရစ်သူ Ando၏ဇနီးက ပြောကြားခဲ့ပါသည်။

မည်သို့ပင်ဆိုကြစေကာမူ “အစာလည်းဆေး ဆေးလည်း အစာ” ဆိုသည့်အတိုင်း အရာရာကို ချင့်ချိန်စားသုံးမှသာ မိမိတို့၏ ကျန်းမာရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။ ရောဂါကိုကုသသည့် ဆေးဝါးများကိုတောင် သူ့အတိုင်းအဆနှင့်သူ
သောက်သုံးပါမှ ဆေးစွမ်းထက်ပါလိမ့်မည်၊ ရောဂါပျောက်စေနိုင်သည်ဆိုပြီး လိုအပ်သည်ထက်ပို၍ အလွန်အကျွံသောက်သုံးပါက ဘေးဒုက္ခ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက်ကိုသာမက မည်သည့်အစားအစာကိုမဆို မိမိတို့၏ ကျန်းမာရေးအတွက် သင့်တင့်အောင် စားသုံးမှသာ ကောင်းကျိုးပြုမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။