May 3, 2012

ကာတာ လေကြောင်းလိုင်း မြန်မာသို့ ပျံသန်းတော့မည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၇ မိနစ်နယူးဒေလီ (မဇ္ဈိမ)။ ။

အာရပ်နိုင်ငံတခုဖြစ်သော ကာတာ (Qatar) လေကြောင်းလိုင်းကို အောက်တိုဘာလ ၃ ရက် နေ့တွင် ရန်ကုန်မြို့သို့ စတင်ပျံသန်းတော့မည်ဟု Gulf Times သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

လးနှစ်ကြာ ရပ်နားထားခဲ့သည့် ကာတာ လေကြောင်းလိုင်း မြန်မာနိုင်ငံသို့ ပျံသန်းမှုကို ပြန်လည်စတင်ခြင်း ဖြစ်ကြောင်း လေကြောင်း အမှုဆောင် အရာရှိချုပ် Akbar al-Baker က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

 “မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာနဲ့အမျှ စီးပွားလုပ်ကိုင်မှု အရရော၊ ခရီးသွားလုပ်ငန်းအရရော ဒီနိုင်ငံရဲ့ အကျိုးစီးပွားတွေဟာ အရှိန်အဟုန်နဲ့ စုစည်းလာနေပြီ ဖြစ်ပါတယ်” ဟု အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် al-Baker က ထည့်သွင်း ပြောဆို သွားသည်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးစ မေလ ၈ ရက်နေ့တွင် မုန်တိုင်းကယ်ဆယ်ရေး အတွက် ရောက်ရှိလာသည့် ကာတာ လေယာဉ်တစင်းအား စစ်အစိုးရမှ လက်မခံဘဲ မင်္ဂလာဒုံလေဆိပ်မှ ပြန်လည် နှင်ထုတ် ခဲ့ဖူးသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ၆၂ ဦးပါ မုန်တိုင်းကယ်ဆယ်ရေး လုပ်သားအဖွဲ့ တဖွဲ့နှင့် ဆေးဝါးများ အပါအဝင် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာခဲ့သည်။ ထိုစဉ်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် “မိမိတို့အနေဖြင့် ဒီလို အရေးပေါ် ကယ်ဆယ်ရေး၊ ရှာဖွေရေးနဲ့ သတင်းပြန်ကြားရေးအဖွဲ့ တွေကို ဒီအချိန်မှာ လက်ခံဖို့ အဆင်သင့် မဖြစ်သေးပါ” ဟု ရေးသားပါရှိခဲ့သည်။