May 13, 2012

အောင်မြင်ကျော်ကြား လုပ်ငန်းရှင်တို့၏ အရည်အသွေးများ

လူတစ်ယောက်အောင်မြင်မှုကို ဘာနဲ့တိုင်းတာမှာလဲ။ တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံ ဂုဏ်ထူးတွေနဲ့ အောင်တာလား။ ဆေးကျောင်းတက်နိုင်တာလား။ ရရှိထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့လား။ ပညာအခြေခံဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဆိုတာနဲ့ ဆက်စပ်နေတာတော့ မှန်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတာ အပြောလွယ် သလောက် အလုပ်ခက်တယ်ဆိုတာတော့ သဘောပေါက်မယ် ထင်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းခံနေစရာမလိုဘူး။ စာမေးပွဲလည်း ဖြေစရာ မလိုဘူး။ စာတမ်းလည်းတင်စရာမလိုဘူး။ အင်တာဗျူးလည်း ဖြေစရာ မလိုဘူး။ ဟိုဟာ လုပ်ပါလား၊ သည်ဟာလုပ်ပါလားလို့ ဘယ်သူကမှ ဩဇာပေးတာကိုလည်း နာခံစရာ မလိုဘူး။ ဘယ်သူ့ချီးမွမ်းတာမှ လည်း ခံစရာ မလိုသလို၊ အပြစ်တင်တာကို မှုစရာမလိုဘူး။ အင်္ဂလိပ်စာလုံးမှာ “entrepreneur” ဆိုတဲ့စကားလုံးဟာ ‘‘စီးပွားရေးစွမ်းဆောင်ရှင်’’ ‘‘စွန့်ဦးတီထွင် လုပ်ငန်းရှင်’’ ကိုခေါ်ပါတယ်။ အင်္ဂလိပ်လို “Risk-taking business person” လို့ ဖွင့်ဆိုကြတယ်။ ရိုးရိုးအလုပ် လုပ်ပြီး အောင်မြင်လာတာကို ပြောတာမဟုတ်ဘူး။ စွန့်စွန့်စားစား ဆုံးဖြတ်ချက်တွေနဲ့ သူများမလုပ်နိုင်တာ၊ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်ပြီး အောင်မြင်လာ သူတွေကို ခေါ်ပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာ သူများလစာပေးတာယူပြီး အလုပ်လုပ်နေသူတွေကို ပြောတာမဟုတ်ဘူး။ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ငွေ (မရှိလည်းချေးငှား) နဲ့ လုပ်ကိုင်နိုင် သူတွေကိုသာ လုပ်ငန်းရှင်တွေလို့ပြောနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသွားတက်ပြီး ဘွဲ့ရလာတာနဲ့ လုပ်ငန်းရှင်ဖြစ်ဖို့ မလွယ်ပါဘူး။ ကျောင်းမပြီးသေးဘဲ လုပ်ငန်းရှင်ဖြစ်နေတာတွေ၊ ဘွဲ့မရဘဲ လုပ်ငန်းရှင်ဖြစ်နေတာတွေလည်း အများကြီးရှိပါတယ်။ အောင်မြင်ချင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ရင် အချက်တွေအများကြီး လိုက်နာနေစရာမလိုပါဘူး။ ၆ ချက်ထဲ လိုက်နာရမှာပါ။ ကြိုးစား ကြည့်စေချင်ပါတယ်။ 


၁။ တိုးတက်အောင်မြင် ကြီးပွားလိုစိတ် ရှိရမယ် လူတိုင်းက အောင်မြင်ကြီးပွားလိုစိတ် ရှိတယ်လို့ထင်ရင် မှားမယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာ လေးနဲ့ ဝအောင်စား၊ ဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ တိုးတက်အောင်မြင်မှာမဟုတ်ဘူးဆိုတာကိုတော့ မှတ်ထားစေချင်တယ်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။ တစ်ပတ်မှာ နာရီ ၇ဝ လောက် အလုပ်လုပ်ခဲ့သလား။ အလုပ်ကို မလုပ်ရမနေနိုင် ဖြစ်ခဲ့ဖူးသလား။ အလုပ်မရှိရင် နေမကောင်း ချင်သလို ဖြစ်ဖူးသလား။ အဲဒီလိုလူမှ တိုးတက်ကြီးပွား အောင်မြင်လိုစိတ် ရှိသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ အချို့က အချိန်ကိုစောင့်တယ်။ အချိန်မကျ သေးလို့စောင့်နေပေမယ့် သူတို့စိတ်ထဲ၊ အသွေးအသားထဲမှာက အောင်မြင်ကြီးပွားလိုစိတ်တွေရှိနေတယ်။ အခြေအနေပေးရင် ချက်ချင်း အောင်မြင် အောင်လုပ်ဖို့ သူတို့ အသင့်ပြင်ထားကြတယ်။ 


၂။ ဖန်တီးနိုင်စွမ်းရှိရမယ် ရိုးရိုးစွမ်းအားမဟုတ်ဘူး။ တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့ပြောတာ။ တီထွင်ဖန်တီးနိုင်တဲ့စွမ်းအားဆိုတာ ပန်းချီကားတစ်ချပ်ကို ဆွဲတာမျိုး၊ အချစ်သီချင်းတစ်ပုဒ်ကို ဖန်တီးတာမျိုးနဲ့ မတူဘူး။ ဈေးကွက်ကို ဘယ်လို ဖောက်ရမလဲ၊ ဘယ်လိုစီမံခန့်ခွဲမှုတွေ လုပ်ရမလဲ၊ ငွေကို ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ ဆိုတာတွေအတွက် စွမ်းအားတွေကိုပြောတာ။ ဘယ်စီးပွားရေးကျောင်းကမှ ဒီလို ဖန်တီးနိုင်တဲ့ စွမ်းအားမျိုးကို သင်ပေးလိုက် နိုင်မှာမဟုတ်ဘူး။ အစွမ်းအစဆိုတာ ‘‘ကိုယ်စွမ်းကိုယ်စ’’ ကို ပြောတာ။ ကိုယ်လုပ် မှကိုယ်ရမယ့်အစွမ်း၊ လုပ်ငန်းခွင်အတွက် ဆောင်ရွက်နိုင်စွမ်းရှိဖို့ပြောတာ။


 ၃။ ဇွဲရှိရမယ် ဇွဲ ရှိတယ်၊ မရှိဘူးဆိုတာ အလုပ်နဲ့ သက်သေပြရတာမျိုးပါ။ မလုပ်ဘဲ မသိနိုင်တာလို့လည်း ပြောနိုင် တယ်။ လုပ်ငန်းကို ခုမှ စလုပ်တယ်။ အမှားတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ အမှားတွေကို ပြင်သွားတယ်။ စီးပွားရေး မကောင်းဘူးလို့ပြောတယ်။ သူ့နည်း သူ့ဟန်နဲ့ ဖောက်ထွက်တယ်။ တစ်ခုခုကို မဖြစ် ဖြစ်အောင်လုပ်တတ်တယ်ဆိုတာက ပင်ကိုယ်အရည်အသွေးလို့လည်း ပြောနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ ဇွဲသန်ရင် အောင်မြင်မှာကျိန်းသေတယ်။ 


 ၄။ စွန့်စားလိုစိတ်ရှိရမယ် စီးပွားရေးလုပ်တယ်ဆိုတာ စွန့်စားရတာပဲ။ အရှုံးနဲ့အမြတ် တစ်ခုခုအတွက် စွန့်စားရတယ်။ မြတ်မယ် လို့ ကျိန်းသေတွက်ပြီး လုပ်လို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုနဲ့ စတင်စွန့်စားရတယ်။ အဆောက်အအုံ ငှားရတယ်။ ဝန်ထမ်းတွေခေါ်ရတယ်။ ကွန်ပျူတာတွေ ပရိဘောဂတွေ တပ်ဆင်ရတယ်။ အလုပ် လုပ်မယ်ဆိုကတည်းက ရင်းနှီးမှုတွေနဲ့ စတင်စွန့်စားရတယ်။ ငွေမရှိရင် ငွေချေးသင့် ချေးရတယ်။ အိမ်ပေါင်၊ တိုက်ပေါင်၊ ကားအပေါင်တွေ ထားကောင်းထားရတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်တတ်သူ တွေရှိသလို၊ ဖြစ်ချင်သလိုဖြစ်အောင် တွက်ဆလုပ်တတ်သူတွေလည်း ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ ကျိန်းသေ အကျိုးအမြတ်တစ်ခုတည်း တွက်ထားလို့ မရဘူး။ အောင်မြင်မယ် မအောင်မြင်ဘူး မသိနိုင် ဘူး။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဒါတွေကို ကျောင်းတွေက မသင်ပေးနိုင်ဘူး။


၅။ ထိုးထွင်းသိမြင်နိုင်ရမယ် လူတိုင်းသိနိုင်တဲ့ အသိတရားတော့ မဟုတ်ဘူး။ ဘာလုပ်ရင် ဘာဖြစ်မယ်၊ ဘယ်လိုပြောရင် ဘယ်လို ရမယ်၊ ဘယ်သူနဲ့ ပေါင်းရင် ဘယ်လိုကောင်းမယ်ဆိုတဲ့ အသိတရားမျိုးကိုပြောတာ။ နာမည်ကျော် Apple ကုမ္ပဏီရဲ့ လုပ်ငန်းရှင်ကြီး စတိ ဂျော့ရဲ့ အမြင်မျိုးကိုပြောတာ။ လူတွေ ဘာတွေ လိုအပ်နေသလဲ။ ဘာတွေ ထုတ်ပေးရမလဲ။ ဘာတွေ ကြိုက်နိုင်သလဲ။ သူက အမြဲ လူတွေရဲ့ လိုအပ်ချက်တွေကို ထိုးထွင်းသိမြင်နေတာကြောင့် သူတီထွင် ထုတ်လိုက်သမျှ အောင်မြင်မှုတွေ ရသွားတာများတယ်။ 


၆။ ကိုယ်ရည်ကိုယ်သွေးရှိရမယ် ကမ္ဘာကျော် အတော်များများဟာ ဘွဲ့မရထားသူတွေဆိုတာ လေ့လာကြည့်ရင် သိနိုင်တယ်။ ဥပမာ ဘေ ဂိတ်စ်တို့၊ စတိ ဂျော့ တို့လို ပုဂ္ဂိုလ်မျိုးတွေပေါ့။ တကယ့်ကို စိတ်ရှည်၊ ဇွဲသန်၊ သည်းခံပြီး ရုန်းကန်တက် လာရသူတွေပါ။ ကိုယ်ရည်ကိုယ်သွေး ဆိုတာ ကြိုးစားချင်တဲ့စိတ်၊ ရိုးသားတဲ့စိတ်၊ အကောင်းမြင်စိတ်၊ သည်းညည်းခံစိတ်၊ ဘေးအန္တရာယ်ကို အောင်မြင်အောင် ကျော်လွှားလိုစိတ်ရှိသူ တွေကိုလည်း ဆိုလိုပါတယ်။ ပြောခဲ့တဲ့အချက်တွေဟာ သိပ္ပံနည်းကျ လေ့လာစူးစမ်း သုံးသပ်ချက်တွေလည်း မဟုတ်ပါဘူး။ ခိုင်မာတဲ့ သက်သေပြချက်တွေနဲ့ သီအိုရီတွေလည်း ထုတ်မပြနိုင်ပါဘူး။ ဒါပေမယ့် ဘဝမှာ တကယ့်ကို အောင်မြင်နေတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကိုကြည့်လိုက်ရင် အဲဒီအချက်တွေနဲ့ ကိုက်ညီနေတာ ကို တွေ့ရပါလိမ့်မယ်။ အခြားအချက်တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အခြေခံကနေစပြီး ကိုယ့်ကိုယ်ကို စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်နိုင် မဖြစ်နိုင် စမ်းစစ်ကြည့်စေချင်ပါတယ်။ 
တင်ညွန့် Ref : Six Attributes of Successful Entrepreneurs, by Jay Goltz