မိမိတို့သည် တစ်ရက်တွင် ရန်ကုန်မြို့ မြို့လည်ခေါင် လူနေ
တိုက်ခန်းများ ၏ အောက်ဖက်ရှိ တိုက်ခန်း တစ်ခန်းကို ကွန်ပျူတာ အရောင်းဆိုင်
တစ်ခု ဖွင့်လှစ်ရန် အတွက် ဌားရမ်း လိုက်ကြသည်။ တိုက်ခန်းကို ပြင်ဆင်
မွန်းမံပြီး ဆိုင်ခန်း စတင် ဖွင့်လှစ်မည့် ရက် မနက်ဖက် တွင်ပင် မိမိတို့၏
ဆိုင်ခန်းမှာ မီးပျက် သွားသည်။ မိမိတို့၏ လုပ်ငန်းမှာ ကွန်ပျူတာ လုပ်ငန်း
ဖြစ်သည့် အားလျှော်စွာ လျှပ်စစ်မီးကို အဓိက အခြေပြု လုပ်ကိုင် ကြရသည်။
မိမိတို့ တိုက်ခန်း မဌားခင်က ထိုရပ်ကွက်၏ လျှပ်စစ်မီး အခြေ အနေကို
စုံစမ်း ကြည့်ရာတွင် ထိုရပ်ကွက်သည် အရေးကြီး ဌာနများ မီးလိုင်းနှင့်
တစ်လိုင်းတည်း ဖြစ်သဖြင့် မီးပုံမှန် လာသည်ဟု သိခဲ့ရ သော်လည်း မိမိတို့
ဆိုင်ဖွင့်ရက်မှာ ဆိုင်ဖွင့်ပြီး တစ်နာရီတွင် မပြည့်သေးခင် မီးပျက်သွား၍
မိမိနှင့် မိမိ၏ မန်နေဂျာ လုပ်သူတို့ အပြင်ထွက်၍ သေချာ စုံစမ်း ကြည့်သော
အခါတွင် မိမိတို့ ဌားရမ်း ထားသည့် အခန်းအပါ အဝင် အပေါ်ထပ် လူနေအိမ်
စုစုပေါင်း ၁၂ ခန်း ပါဝင်သည့် တိုက်ခန်းတွဲ တစ်ခုလုံး မီးမလာဘဲ
ကျန်လမ်းထဲရှိ အခြား တိုက်ခန်းများ အားလုံး မီးပုံမှန် လာနေသည်ကို သိရသည်။
ထိုအခါတွင် မိမိတို့ တိုက်ခန်းတွဲ တစ်တန်းလုံး မီးမလာသည့် အကြောင်းရင်းကို
လိုက်ရှာလိုက်သည့် အခါတွင် တိုက်ခန်းတွဲတွင် ထားရှိသည့် မီတာပုံးမှာ
ကျွမ်းသွားသဖြင့် ဖြစ်သည်ကို တွေ့ရသည်။
မိမိတို့ အနေဖြင့် ထိုနယ်မြေတွင် ပထမဆုံး လာရောက် ဆိုင်ခန်း ဌားဖူး
ကြသည် ဖြစ်ပြီး၊ နေထိုင်ခဲ့ ဖူးခြင်းလည်း မရှိသည့် အတွက် မိမိတို့မှာ
ဧည့်သည်လို ဖြစ်နေ ကြသည်။ ထို့ကြောင့် မိမိတို့၏ အပေါ်ထပ် လူနေအိမ် တအိမ်၏
အခန်း တံခါးခေါက်ပြီး မီးပျက်သည့် အကျိုးအကြောင်း ရှင်းပြပြီး၊ မိမိတို့မှာ
လျှပ်စစ် မီးလာရန် အရေးတကြီး လိုအပ်သဖြင့် ဤကဲ့သို့ မီးပျက်ပါက မည်သို့
မည်ပုံ လုပ်လေ့ လုပ်ထ ရှိကြသည်ကို မေးမြန်း စုံစမ်း ကြရတော့သည်။ ထိုအခါ
မိမိတို့နှင့် တွေ့သည့် လူက ထိုသို့ ဖြစ်ပါက အီးပီစီ လျှပ်စစ်ဌာနကို
အကြောင်း ကြားရကြောင်း၊ သို့ရာတွင် သူတို့သည် အကြောင်း ကြားပြီး အစောဆုံး
သုံးလေးရက် လောက်မှ လာရောက် ပြုပြင် တတ်ကြောင်း၊ ကံမကောင်းလျှင် တစ်ပတ် အထိ
ကြာနိုင်ကြောင်း သိရသဖြင့် မိမိတို့ အလွန် စိတ်ပျက် သွားကြသည်။
ထို့ကြောင့် မိမိတို့လည်း ချက်ခြင်း အမြန် မီးပြန်လာရန် ပြင်ဆင်လိုပါက
အခြားနည်းလမ်း ရှိလို ရှိငြား ဆက်လက် မေးမြန်းသော အခါ၊ သူက အီးပီစီကို
ကိုယ်တိုင် လိုက်သွားပြီး၊ သူတို့အား ကားဖြင့် ခေါ်ဆောင်၍ ပြုပြင်ခ
နှစ်ထောင်ကျပ် လောက်ပေးမည် ဆိုပါက ချက်ခြင်း လိုက်လုပ် ပေးသည်ဟု သိရသည်။
ထိုသို့ သိရသည့် အခါ မိမိတို့က ငွေ နှစ်ထောင်ကို မိမိတို့ အနေဖြင့်
အကုန်အကျ ခံပြီး၊ မိမိတို့ ကားဖြင့်ပင် အီးပီစီသို့ သွား၍ မီးပြင်ပေးရန်
လူသွားခေါ်ခဲ့သည်။
မီးဆရာ ရောက်လာပြီး မီတာပုံးကို ဖွင့်လိုက်သည့် အခါတွင် မီတာပုံးတွင်း
သွယ်ထားသည့် မီးလိုင်းကြိုးများမှာ ဆွေးမြေ့ ပေါက်ပြဲပြီး ဝါရာရှော့ခ်
ဖြစ်ကာ လောင်ကျွမ်းကုန် သဖြင့် မီးလိုင်းကြိုးများ မဖြစ်မနေ အသစ်
ပြန်ထည့်မှ ရမည်ဟု သိရသည်။ ထိုသို့ အသစ် ပြန်ထည့် ပါမူ ငွေ တစ်သောင်း
နှစ်ထောင်လောက် ကုန်ကျမည်ဟု ဆိုသည်။ ဤဝါယာ အသစ်ပြန် ထည့်ရသည့် ကိစ္စမှာမူ
တိုက်ခန်းတွင် နေကြသူ အားလုံး၏ တာဝန်ဖြစ်သည်။ မိမိတို့ အနေဖြင့် ချက်ခြင်း
မီးပြန်လာလို သဖြင့် လက်ခငွေ နှစ်ထောင်ကို စိုက်ပေးခြင်း ပြုလုပ်ရန်မှာ
အဓိပ္ပါယ် ရှိသော်လည်း၊ တိုက်ခန်းရှိ ဝါယာကြိုးများ ဆွေးမြေ့ နေသဖြင့်
ဝါယာကြိုး အသစ်ပြန် ထည့်ရသည့် ကိစ္စအတွက် မိမိတို့က စိုက်လုပ်ရန် ဆန္ဒမရှိပါ။
သို့ဖြစ်ရာ အိမ်ခန်းများ အားလုံးသို့ တစ်အိမ်ဝင်၊ တစ်အိမ်ထွက် အကျိုး
အကြောင်း ရှင်းပြပြီး စုစုပေါင်း ၁၂ ခန်းရှိသည် ဖြစ်သည့် အတွက်
တစ်ခန်းလျှင် တစ်ထောင် ထည့်ဝင်ရမည် ဖြစ်ကြောင်းကိုပါ သဘော တူညီချက်
တောင်းရသည်။ ထိုအခါ တိုက်ခန်းများ အားလုံးက “ကောင်းသလိုသာ ကြည့်စီစဉ်
လိုက်ပါ၊ ငွေ တစ်ထောင်က ပြဿနာမရှိပါဖူး၊ ပေးပါ့မယ်” ဟု အားလုံးက သဘောတူ
ကြသဖြင့် လိုအပ်သည်များကို လုပ်ကိုင်ပြီးလျှင် ငွေလာယူမည့် အကြောင်း၊
မီးပြင်ဆင် နေသည့် အချိန်တွင်လည်း လာရောက် ကူညီ ကြည့်ရှုပြီး
လိုအပ်သည်များကို ပြောကြ စေလိုကြောင်း မှာပြီး၊ မီးဆရာနှင့် ဆက်လက် လုပ်စရာ
ရှိသည်များကို လုပ်ကိုင်ကြသည်။
မီးဆရာကလည်း တစ်ယောက်တည်း ဖြစ်ရာ မိမိတို့လည်း ဆိုင်ဖွင့် ရက်တွင်
မဖွင့်လိုက် ရတော့ဘဲ မိမိ ဝန်ထမ်းများက မီးကြိုးဖြတ်ခြင်း၊ နှင့်
တောက်တိုမယ်ရ များကို ဝိုင်းကူကြရသည်။ ထိုသို့ဖြင့် မီးကြိုးများ အသစ်
ပြန်ထည့် ရသည်မှာ ညနေစောင်း မှပင် ပြီးတော့သည်။ မီးပြင်ဆင်ပြီး၊ ငွေပေးရန်
မူလက မှာထားခဲ့သည့် တိုက်ခန်းများသို့ ငွေလိုက် ကောက်သည့် အခါတွင် စ၍ ပြဿနာ
ပေါ်ပါတော့သည်။ ငွေသွားတောင်းသည့် အချိန်တွင် တစ်ယောက် တစ်ပေါက်စီက
ပေါ်လာကြပြီး၊ မီးကြိုးလေးများက သေးသည် ပြောသူကပြော၊ ဒီ မီးကြိုးတွေက
ကြွက်ကိုက်သွားတာ ကြွက်အသိုက်ကို မရှင်းဘဲ မီးကြိုး အသစ်တပ် မှတော့
ပြန်ပြီး ဝါယာတွေပေါက် ရှော့ပ် ဖြစ်ဦးမှာဘဲ လို့ ဆိုသူကဆို၊ ၁၂ ခန်းမှ ၁၂
ယောက် သည် ၁၂ မျိုး အပြစ်ရှာ ပြောပြီး၊ ငွေတောင်း၍ မရတော့ချေ။
မီးပြုပြင်စဉ် ကလည်း လာမကြည့်ကြ၊ ဘာမှ မပြောကြဘဲ ကိုယ်နှင့် မဆိုင်သလို
နေကြသည်၊ မီးဆရာကို သွားခေါ်တော့လည်း တစ်ယောက်မှ မလိုက်ခဲ့ကြ၊ မိမိတို့ကသာ
ဓါတ်ဆီစိုက် ကားစိုက်၊ မီးဆရာ အတွက် လက်ခလဲစိုက်၊ ဆိုင်က ဝန်ထမ်း များလည်း
မနေရ၊ မီးဆရာရဲ့ လက်တို လက်တောင်း လုပ်ပေးရ၊ နှင့် မူလ ပထမ အကျိုး
အကြောင်း ရှင်းပြ ပြောပြစဉ် ကတော့ ငါ့ညီတို့ … ငါ့သားတို့ … ငါ့တူတို့ …
လုပ်လိုက်ပါ ဆိုပြီးမှ၊ အကုန် လုပ်ပြီးမှ တစ်ယောက် တစ်ပေါက် ထွက်လာပြီး
အမျိုးမျိုး ပြောကြသည့် အပြင် ငွေပေးရန် တွန့်ဆုတ် နေကြသည်မှာ အတော်ပင်
စိတ်ဆိုး စရာ ဖြစ်တော့သည်။
သို့ဖြစ်၍ မိမိလည်း ထိုစဉ်က မြို့နယ် အကြီးအကဲဆိုသူ (မဝတ လား၊
တိုင်းမှူးလား မည်သို့ ခေါ်ဆိုသည် မသိ) ထံသွား၍ တိုင်ကြားရသည် အထိ
ဖြစ်တော့သည်။ ကံကောင်းချင်တော့ ထိုမြို့နယ် အကြီးအကဲ ဆိုသူမှာ မိမိက
သူ့ဆရာ၏ ကွန်ပျူတာကို ကြည့်ပေးဖူးသူ ဖြစ်နေသဖြင့် မျက်မှန်း တန်းမိကြပြီး၊
ချက်ခြင်း ယူနီဖောင်းလဲဝတ် ခါးတွင် ဗျောက်(သေနတ်) ချိတ်ပြီး မိမိနှင့်
လိုက်လာခဲ့ ပေးတော့သည်။ ဤသို့ ခါးတွင် ဗျောက်ချိတ်ပြီး လိုက်ပါလာသူ
ရှိတော့မှ “ဦးတို့၊ အဒေါ်တို့က ဒီလို သဘော မဟုတ်ပါဖူး ငါ့တူလေးရေ… ” ဘာရယ်၊
ညာရယ် ပြောပြီး မူလ သဘောတူ ထားကြသည့် တစ်ခန်း ငွေ တစ်ထောင် အပြင်၊ မီးဆရာ
လက်ခ ငွေနှစ်ထောင်ကိုပါ အချိုးချ ခွဲဝေ ပေးကြတော့သည်။
မိမိလည်း ထိုစဉ်ကစပြီး သင်ခန်းစာ အသစ် တစ်ခုရသွားခဲ့တော့သည်။ အများ
အကျိုးကို ဦးဆောင်လည်း မလုပ်ကြ၊ လုပ်သူ ရှိတော့လည်း ကူညီ အားပေးခြင်း
မရှိကြသည့် အပြင်၊ အပြစ်ရှာ အပြစ်ပြော၊ ထိုမှ မကသေး ကိုယ့်တာဝန်
(ငွေထည့်ဝင်ရန်) ရှိသည် ကိုလည်း ကိုယ်မယူကြသည့် အပြင် ဦးဆောင်သည့် သူအပေါ်
အခွင့်အရေးယူ တတ်သည့် အလေ့ အကျင့်သည် အများဆန္ဒဖြင့် အများအကျိုးကို
ဦးဆောင်မည့် ဒီမိုကရေစီ လူ့ဘောင်သစ် နှင့် ဝေးမှပင် အတော်ကို ဝေး
နေပေဦးတော့မည်။