Jul 5, 2010

အချစ်စစ်ဆိုသည်မှာ....

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲလောက်မှာ အသက် ၈၀အရွယ် အဘိုးအိုတစ်ယောက်ဆေးရုံ ကို ရောက်လာပြီး အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ။ သူက ဆေးရုံကို ရောက်ရောက်ခြင်းဘဲ ကျွန်တော့ကို ပြောတယ်။

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခုရှိလို့ အရင်လိုနေတယ်။ အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ်…”

ကျွန်တော်က သူ့နံမည် အသက်စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “အဖိုး ခဏလောက်ထိုင်ပါဦးခင်ဗျာ”လို့ လှမ်းပြော လိုက်တယ်။ သူ့ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန်တစ်ယောက်ယောက်အားဖို့ အနည်းဆုံး တစ်နာရီလောက်တော့ စောင့်ရ လိမ့် မယ်ဆိုတာ ကျွန်တော် သိတယ်။ သူ့ရဲ့အလျင်စလိုဖြစ်နေတဲ့ အမူအရာကြောင့် လောလောဆယ်အလုပ်သိပ်မများတဲ့ ကျွန်တော်ကဘဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်။ အနာလဲကျက်နေပြီ။ ဒါနဲ့ ကျွန်တော်က ဆရာဝန် တစ်ယောက်ကို အနာချုပ်ရိုး ဖြေဖို့လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြောလိုက်တယ်။ ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကားစပြောလိုက်တယ်။

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက် အရင်လိုနေတာ…”

“မဟုတ်ပါဘူး..လူလေးရယ်။ အဖိုး မိန်းမနဲ့ မနက်စာအတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ။ အဖိုး က မနက်တိုင်းကို သူနဲ့အတူတူ မနက်စာ စားနေကြလေ..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား။ နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသစောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့ “တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို စိတ်ဆိုးမှာလား”..

“သူက အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်။ အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”

ကျွန်တော် အတော်လေးအံ့သြသွားတယ်။ “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ၊ ဘယ်ဝါဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”


အဖိုးအိုက ပြုံးလိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

” သူ အဖိုးကို မသိတော့တာ မှန်ပါတယ်။ ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ”

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသလို ဖြစ်သွားတယ်။ အဖိုးအိုရှေ့ မှာ မျက်ရည် မကျမိအောင် ကျွန်တော် ကြိုးစားပြီး ထိန်းလိုက်ရတယ်။ အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က ထွက်ခွာသွားခဲ့ပြီ။ အဖိုးရဲ့လက်နဲ့ကိုင်သွားတဲ့ ကျွန်တော့် လက်ပေါ်က နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲမှာ ခံစားမိတယ်။ လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ ကျန်နေခဲ့တာပါ။ အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့ ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး။ စိတ်ခံစားမှု သက်သက်လဲ မဟုတ်ဘူး။ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ..ကိုယ့်ဘက်က အမြဲတမ်း ချစ်သွားနိုင်တဲ့၊ ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို အချစ်စစ်ပါလို့ဆိုရင် စာဖတ်သူများ လက်ခံနိုင်ပါ့မလား။ ကျွန်တော်တို့တွေရဲ့ ဘ၀မှာ အချစ်စစ်ဆိုတဲ့ စကားလုံးကို ခဏခဏ သုံးစွဲဖူး၊ ပြောဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲဆိုတာကိုတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြားကြပါလိမ့်မယ်။ ဒီ ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ဆိုရင် သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်။ ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်းကင်းတဲ့ ချစ်ခြင်းတစ်စုံကိုတော့ တန်ဖိုးထားလေးစားရမှာပါ……

မှတ်ချက်။ ။ fwd: emailမှ ကူးယူဖော်ပြသည်။